သန်လျင် စက်တင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခေတ္တမြို့နယ် ပညာရေးမှူး ဦးအုန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်နှင့် ခေါင်းဆောင်မှု မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က လူငယ် နှင့် စာပေ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းလင်းထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသိ ပညာပေး ဟောပြောကြသည်။ ထို့နောက် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း ဒေါ်သင်းသင်းမော်က ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်အားကစားမှူးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံသာနုက လက်ခံရယူသည်။
ထို့နောက် အားကစားအဖွဲ့များက တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည် ယနေ့ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ ခင်းကျင်းပြသပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)