မိုင်းပျဉ်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပညာပေးဆောင်ရွက်

မိုင်းပျဉ်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ အားသားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉) နာရီခွဲ က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦး က မြို့နယ်အတွက် ကျန်းမာရေးဆိုင် ရာကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျှက်ရှိသော ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုစကားပြောကြားပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာန များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာ စိုင်းစိုးဟိန်းနှင့် ကျန်းမာရေးကြီးကြပ်အဆင့်-၁ ဦးမြင့်ဦး တို့က  အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

သားအိမ်ခေါင်းကင်ဆာသည် (Human Papillomavirus) အိတ်ချ်ပီဗီ ဗိုင်းရပ်(စ်)ပိုးကြောင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်းမှ ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး၊ ကူးစက်ခံရသူအများစုမှာ ရောဂါ လက္ခဏာမပြဘဲ ရှိနေတတ်ခြင်းကြောင့် မည်သူမဆို အချိန်အခါမရွေး ကူးစက်ခံရနိုင်ပြီး (Human Papillomavirus) အိတ်ချ်ပီဗီဗိုင်းရပ်(စ်) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်နိုင်ရန် အသက်၁၅  နှစ်အရွယ်မတိုင်မီ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ကြေင်းနှင့် မိုင်းပျဉ်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို အသက် (၉) နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီးငယ်လေးများအား အောက်တိုဘာလ (၂၀) ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)