မိတ္ထီလာ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ၂ဝ၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတွင် Antonio Guterus Message နှင့် World Ozone Day အသိပညာပေး ဗီဒီယိုကလစ်ကို ပြသသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပခဲ့သော ယခုနှစ်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေးခေါင်းစဉ်ဖြင့် အထက်တန်းဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသူကျောင်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသောတာဝန်ရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်အောင်ကြွယ်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ချမ်းသာ