တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်း ကျင်းပ

တောင်ကုတ် စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာလ (၁၅) ရက်နေ့နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နုတို့က အမှာစကားပြောကြီးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ ကလူငယ်စကားဝိုင်းများကျင်းပပြု လုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အထက်တန်းပြဆရာ ဦးကျော်သူအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 (A) မှ မမို့မို့ခင်ရှိန်မှ “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 (A) မှ မောင်ထွန်းနေလင်းမှ “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 (A) မှ မောင်ထွန်းအေးက “လူငယ်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 (A) မှ မလင်းမြတ်မိုးက “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 (C) မှ မမေသဇင်ဖြိုးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 (A) မှ မောင်ဉာဏ်လင်းစိုးက “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 (A) မှ   မောင်ဇွဲထက်ကျော်က “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီးနောက် ကျောင်းသား၊ကျောင်းသူများ၏ ပြန်လည်မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူ အထက်တန်းပြဆရာ ဦးကျော်သူအောင်နှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက် လာကြသည့် ‌ကျောင်းသား၊‌ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဆရးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)