အောင်မြေသာစံမြို့နယ်တွင် မဲရုံလုပ်ငန်းဆိုင်ရာသင်တန်း ဖွင့်လှစ်မည်

မန္တလေး၊ အောက်တိုဘာ ၁၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များအား မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက် ရပ်ကွက်၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ ၈၂ လမ်းရှိ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းတွင်  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတက်‌ ရောက်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် များသည်ပထမရက်တွင် မဟာဇေယျာဘုံ၊ အနှိပ်တော်၊ ဒေါနဘွား၊ ဘုန်းတော်တိုးနှင့် အိုးဘိုရွှေကျင် ရပ်ကွက်များမှ သင်တန်းသားများ၊ ဒုတိယရက်တွင် ဥပုသ်တော်၊ အမရဌာနီအရှေ့၊ အမရဌာနီ အနောက်ရပ်ကွက်များမှ သင်တန်းသားများ၊ တတိယရက်နေ့တွင် ညောင်ကွဲ၊ ပြည်လုံးချမ်းသာ၊ ပြည်ကြီးရန်လုံ၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်များမှ သင်တန်းသားများ၊ စတုတ္ထရက်တွင် မေဃဂီရိ၊ ပုလဲငွေရောင်၊ အောင်မြေသာစံ၊ မင်းတဲအီကင်းရပ်ကွက်များမှ သင်တန်းသားများ၊ ပဉ္စမရက်တွင် ပြည်ကြီးကျက်သရေအနောက်၊ သီရိမာလာအရှေ့၊ သီရိမာလာအနောက်ရပ်ကွက်များမှ သင်တန်းသားများနှင့် ရပ်ကွက်‌ရွေးကောက်ပွဲ‌ ကော် မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ရွေးကောက်ပွဲနှင့်မဲရုံဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲအကြို ကြိုတင်ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အထွေထွေကိစ္စရပ်များ စသည့်ဘာသာရပ်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး လက်တွေ့မဲရုံသရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)