ဇေယျာသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းကိုကော်မတီအဖွဲ့နှင့် အသင်းသားများအား ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွှတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးက ငွေကျပ် (၄၃၁) ဒသမ (၅) သန်းအား ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီမှတစ်ဆင့် အင်ပင်ခုံကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၄၂) ဦးအား ရန်ပုံငွေကျပ် (၂၃၃) ဒသမ (၅) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၀) ဦးအား ရန်ပုံငွေကျပ် (၁၈၇) သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ သုံးဦးအား ငွေကျပ် (၁၁) သိန်း စုစုပေါင်း အသင်းသား (၉၅) ဦးအတွက် စုစုပေါင်းရန်ပုံငွေကျပ် (၄၃၁) ဒသမ (၅) သန်း ထုတ်ချေးပေးခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း လုပ်ဆောင်ချက်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)