တာမွေ စက်တင်ဘာ ၁၇
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ် ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း “အုန်းတော” ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် “ လူငယ်တွေ အနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာ ဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြား ခဲ့ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမ ဒေါ်စန်းစန်းနွဲ့တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေး များက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ သူလေးများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြ သူများက ခန်းမ အတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)