နေပြည်​တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် ခုတင်-၁၀၀ဆေးရုံ သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်း ဆန်နှင့် ဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေး

လယ်ဝေး စက်တင်ဘာ ၁၆

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေနံနက်ပိုင်းက လယ်ဝေးမြို့ ခုတင်-၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းသပ်ရပ်ပြီး လာရောက်ဆေးကုသမှုခံယူသည့် ပြည်သူများ စိတ်အေးချမ်းစွာ ဆေးကုသမှုခံယူစေနိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်တို့က ဆေးရုံအတွင်း အပြင် သန့်ရှင်းရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အများပြည်သူ​ဆေးကုသမှုခံယူရန် လာရောက်ကြသည့်အတွက် အတတ်နိုင်ဆုံး သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် စိတ်အေးချမ်းသာစွာ ဆေးကုသနိုင်ရန်တို့အတွက် ဆောင်ရွက်ပေးသည့်အတွက် မွန်မြတ်ပါကြောင်း၊ ယခုကဲ့သို့ သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ပေးပြီး ရေရှည်တွင်လည်း သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် လယ်ဝေးမြို့ သာဝတ္ထိကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများအား တိုင်းကျော်အောင်ဆန်စက်မှ ဆန်များဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုနှင့် ဂုဏ်မင်းအိုင်ကျေးရွာတွင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများ ရောင်းချပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးသည်။

လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ ကြံခင်းရွာနှင့် ကွက်သစ်ရွာတို့ရှိ အိမ်ထောင်စု ၃၈၅ စုအား ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ဆန် ၄ ပြည်စီ၊ စိုင်ခေါင်းရိုးကျေးရွာအုပ်စု၊ ဂုဏ်မင်းအိုင်ရွာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာ၊ ငွေကျပ် ၄၈၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၃၉ စု၊ အောင်းကုန်းရွာတွင် ၁၃၉ စု၊ တလုပ်ပင်၊ ပေတုန်းမျှောင်၊ မဒေါ့ပင်၊ ကျောက်ကျောင်းစုကျေးရွာတို့တွင် အိမ်ထောင်စု ၁၀၀ စီတို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပြီး ရပ်ကွက်ကျေးရွာများတွင် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)