မင်းပြားမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

မင်းပြား စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့က မင်းပြားမြို့၌ ဆောင်ရွက်ခဲ့သည်။

မင်းပြားမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်အေးနှင့် ဝန်ထမ်းများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး" (Montreal Protocol: Fixing the Ozone Layer and Reducing Climate Change)ဆောင်ပုဒ် အသိပညာပေးဗီနိုင်းပိုစတာအား လမ်းဆုံ၊ လမ်းခွအများမြင်သာသည့် နေရာများတွင် စိုက်ထူခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ သိကောင်းစရာများ၊ အိုဇုန်းလွှာပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုအကြား ဆက်နွယ်မှုများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို ပြည်သူလူထုအားဖြန့်ဝေခြင်းများကို ဆောင်ရွက်ကြသည်။

ဆက်လက်ပြီး ကမ္ဘာ့အိုဇုန်းလွှာထိမ်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဖြူနှင်းဝေက  ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းနေ့ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး အိုဇုန်းလွှာပျက်စီးမှုနှင့်  ရာသီဥတုပြောင်းလဲမှုအကြား ဆက်နွယ်မှုများအကြောင်း သိကောင်းစရာများလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သောင်းရွှေ (ပြန်ဆက်)