နမ့်စန်(တ) စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းခိုင်က ဗိုင်းရပ်စ်ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီအချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှုမြင့်မားသည့်အတွက် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော (၁.၉.၂၀၁၁မှ ၃၁.၈. ၂၀၁၄) ခုနှစ်အတွင်း မွေးဖွားသော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်လိုကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ ကာကွယ်ဆေးအကြောင်းနှင့်ဆေးထိုးနှံမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု (၂)မျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအခြေပြုတွင် ကာကွယ်ဆေးထိုးရန် စုစုပေါင်း ၃၂၉၀ ဦးလျာထားပြီး၊ ပြည်သူလူထုအခြေပြုတွင် ၄၉၃ ဦး လျာထားကာ စက်တင်ဘာ ၁၈ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများနှင့် ကျန်းမာရေးဌာန စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
သူရအောင်(နမ့်စန်)