ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်  စက်တင်ဘာ ၁၆

လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်() အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းရတနာဦးက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားများအပေါ် အလုပ်ချိန် ပိုမိုခိုင်းစေခြင်း၊ လုပ်ခလစာများ ပြည့်မီစွာမပေးခြင်းတို့နှင့်ပတ်သက်၍ ကူညီပါဝင်လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းများအကြောင်းနှင့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက  လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလ နှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ထူချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ ရရှိစေရန်အတွက် နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အမျိုးသမီးအကြမ်းဖက်မှု တိုက်ဖျက်ရေးအကြောင်း စသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊ စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)