ဟိုပုံး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးစေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့အတွက် ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့နှင့် ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီး မြို့အဝင်ဆိုင်းဘုတ်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးကို အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိပြီး ဟိုပုံးမြို့ တပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ် ရဲတပ်ဖွဲ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၄၀၀)ဦးတို့က ခြုံနွယ်၊ ပေါက်မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်း ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)