မြင်းခြံ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာသန်းထွန်းက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံကျောင်းများရှိ အသက် (၉) နှစ်မှ အသက် (၁၄) နှစ်အတွင်းရှိ ကျောင်းသူများအား စက်တင်ဘာလ (၁၈) ရက်နေ့မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)