ဖယ်ခုံ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ က မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် က အမှာစကားပြောကြားပြီး မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦး က အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသူများက အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ အသက်ကိုးနှစ်မှ ဆယ်နှစ်ထိ မိန်းကလေးများ၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ တစ်ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၃၁ အတွင်း မွေးဖွားသော မိန်းကလေးများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီး ၁၂ လခြား၍ ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖယ်ခုံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲတစ်နာရီတွင် မြို့နယ်ခန်းမ၌ အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အသက်ကိုးနှစ်မှ ဆယ်နှစ်ထိ မိန်းကလေး ၁၄၆၀ ဦး ရှိပြီး ကာကွယ်ဆေး ရရှိမှုအခြေအနေအရ ၁၁၉၉ ဦးကို ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်းနှင့် မိန်းကလေး ၂၁၆ ဦး ကျန်ရှိမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး ထံမှ သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)