ဒဂုံတောင် စက်တင်ဘာ ၁၆
ယနေ့ခေတ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အ-လ-က ခွဲ မ (၁) စာသင်ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ-လ-ကခွဲ မ (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဖြူက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဆရာ၊ဆရာမတို့၏ ဟောပြောမှုများကို သေချာ မှတ်သားကြပြီး မိမိတို့လျှောက်လှမ်းရာ ဘဝတစ်လျှောက်တွင် လိုက်နာကျင့်သုံးပါက အကျိုး ထူးစေမှာဖြစ်ကြောင်း လာရောက်ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်းများ စသဖြင့် ဟောပြောပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် ဟေ ာပြောရာတွင် လူကုန်ကူးမှုအန္တရာယ် ဖြစ်ပေါ်စေသော အကြောင်းအရာများ၊ သတိပြု ရှောင်ရှားရန်များအား ဟောပြောကာ၊ စာကြည့်တိုက်တာတန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက စာကြည့်တိုက်မိတ်ဆက်အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်း ဟောပြောသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသက်ဝေ (သက်ဝေမောင်)က လူငယ်များ ကျောင်းစာအပြင် သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများကို အသိ ပညာပေး ဖြစ်ရပ်မှန်အကြောင်းအရာ သာဓကများဖြင့် ဟောပြောပြီး၊ ဗဟုသုတရှိသော စာပေများ ဖတ်ရှုမှသာ အောင်မြင်သောခေါင်းဆောင်ဖြစ်နိုင်ပြီး မိမိရဲ့အောင်မြင်မှုကို အသိဉာဏ်ပညာဖြင့် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းများ စသဖြင့် အကျယ်တဝင့်ဟောပြောပြီး ကျောင်းသား၊ကျောင်းသူများ တွေးခေါ်မှု မြင့်မားစေရန် ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ အဖြေမှန်သူများအား ကိုယ်တိုင်းရေးကဗျာစာအုပ်အား အမှတ်တရလက်ဆောင် ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှု အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များနှင့် သုတရသ စာအုပ်စာစောင်များအား စိတ်ပါဝင် စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကျော်စွာမိုး