ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက သိသင့်သိထိုက်သည်များ သိရှိနိုင်စေရန်နှင့် ကြိုတင်ပြင်ဆင် နိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တာရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်ကို ယမန်နေ့ နံနက်( ၉)နာရီက အင်းစိန် မြို့နယ်၊နံ့သာကုန်းရပ်ကွက်၊မင်းကြီးလမ်းရှိ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် အင်းစိန်ခရိုင်၊ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တာရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များကို လေ့ကျင့် ခြင်း၊ အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို ပြသရှင်းလင်းခြင်း၊စာသင်ကျောင်း အခြေပြု ကလေးသူငယ်များအတွက် သဘာဝ ဘေးအန္တာရာယ် လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ်များကို ဟောပြောပို့ချသရုပ်ပြသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို ပြန်/ဆက်)