ကျောက်မဲ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့်အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တိုက်ပွဲရှောင်ကော်မတီမှ တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က နောင်ပိန်ကျေးရွာ၌ ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၁၄ စုရှိ လူဦးရေ ၃၄၄၀ ဦးအတွက် စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့တို့သည် စစ်ရှောင်များရှိရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများနှင့် နောင်ပိန်ကျေးရွာ ဒေါ်ကြည်အေး နေအိမ်တွင် တွေ့ဆုံ၍ ဒေသအခြေ အနေများကို မေးမြန်း ဆွေးနွေးခဲ့ကာ အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့တို့သည် ရှမ်းပြည်နယ်အစိုးရမှ စစ်ရှောင် အိမ်ထောင်စု ၁၀၁၄ စု အတွက် ထောက်ပံ့ပေးခဲ့သည့် တန်ဖိုးငွေကျပ် ၈၄ သိန်းကျော်တန်ဖိုးရှိ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ ၊ ငါးသေတ္တာဘူး များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ သည့် ဆန် ၃၉၃ အိတ်တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရမှူးများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျောက်မဲ မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၁၀ ခုမှ စစ်ဘေးရှောင်ပြည်သူ ၃၄၄၀ ဦး ရှိခဲ့ပြီး ဒေသအခြေအနေ အေးချမ်းပြီ ဖြစ်သော ကြောင့် အဆိုပါ စစ်ဘေးရှောင်များထဲမှ ၉၀ ရာခိုင်နှုန်း ခန့်သည် အောက်တိုဘာ ၁၇ ရက်နေ့က ၎င်းတို့၏ နေအိမ်သို့ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများသည် နေအိမ်သို့ ပြန်သွားခဲ့သည့် စစ်ရှောင်ပြည်သူများ စားသောက်ရေး အဆင်ပြေ စေရန် ရည်ရွယ်ထောက်ပံ့ပေးခြင်း ဖြစ်သည့်အတွက် ယင်းထောက်ပံ့ထားသည့် ရိက္ခာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ စစ်ရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ပြန်လည် ထောက်ပံ့ ပေးရမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးနှင့် အဖွဲ့တို့သည် စစ်ရှောင်ပြည်သူများခိုလှုံခဲ့ရာ ပုံဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ထိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နမ့်မဟင်ကျေးရွာသို့ သွားရောက်၍ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေး စကားများပြောကြားခဲ့ ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)