နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင်  (၁၀.၅) ကေဗွီ လျှပ်စစ်ဓါတ်အားဖွင့်ပွဲ တက်ရောက်

ပန်လုံ    စက်တင်ဘာ   ၁

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ၊ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် (၁၀.၅) ကေဗွီ လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲက ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ပန်လုံမြို့တွင် ၁၉၉၅ခုနှစ်တွင် ဒီဇယ်မီးစက်ဖြင့် အချိန် ပိုင်းသာ လျှပ်စစ်မီးပေးနိုင်ပါကြောင်း၊ ယခုအခါတွင် အချိန်ပြည့် လျှပ်စစ်မီး သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပန်လုံမြို့နေ ဒေသခံပြည်သူများအတွက် (၂၄)နာရီ အပြည့် လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားသည်။

ဆက်လက်၍ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီနပ်က ပန်လုံမြို့အား (၂၄) နာရီ အချိန်ပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် (၁၀.၅)ကေဗွီ ဓာတ်အားလိုင်း (၂.၂)မိုင် ၁၀.၅/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၂)လုံးနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်း(၄)မိုင်တို့အား (၂)လကြာ ပန်လုံမြို့၊ မီးလင်းရေးကော်မတီမှ ကိုယ့်အားကိုယ်ကိုး ကုန်ကျစရိတ်ဖြင့် တည်ဆောက်ခဲ့ရပြီး မီးသုံးသူ အိမ်ခြေ(၄၀၀) အိမ်တို့အား ၂၀၂၃ခုနှစ် ဇွန်(၃)ရက်နေ့မှစတင်ပြီး လျှပ်စစ်မီးသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားသည်။

ဆက်လက်၍ ပန်လုံမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်နိုင်ဦးမှ လျှပ်စစ်မီးရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် လျှပ်စစ်မီးဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်းတို့က လျှပ်စစ်မီးခလုတ်အားနှိပ်၍ ဖွင့်လှစ် ပေးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ "ဝ" တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့အား ပန်လုံမြို့ လျှပ်စစ်အင်ဂျင်နီယာနှင့် လျှပ်စစ်မီးလင်းရေးကော်မတီတို့မှ အထိမ်းအမှတ်အလံပေးအပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်းတို့က "ဝ" တိုင်းရင်း သား စာပေယဉ်ကျေးမှုအဖွဲ့နှင့် ကိုးကန့်စာပေ ယဉ်ကျေးမှု အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ဒုတိယတိုင်းမှူးတို့က ဘင်ခရာတပ်ဖွဲ့နှင့်ပန်းဖွားအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ဆောင်ရွက်မည့် သောက်သုံးရေရရှိရန် ရေစုကန် အမှတ်(၁) ဆောင် ရွက်မည့်နေရာအား သွားကြည့်ရှုရာ ပန်လုံမြို့ ၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့များသည် ပန်လုံမြို့ရှိ ပန်လုံဟော်နန်းအား သွားရောက်ကြည့်ရှုရာ "ဝ" တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့မှ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေး၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ပန်လုံပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံရယူနေသော ဒေသခံ ပြည်သူများအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး ပန်လုံဆေးရုံအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်းတို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့များသည် "ဝ" ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ ခိုင်ဝေဖြိုးကုမ္ပဏီလိမီတက်မှ တိရိစ္ဆာန်အစာထုတ်လုပ်စက်ရုံ အား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)