ပြင်ဦးလွင် စက်တင်ဘာလ ၁၆
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး ဖြည့်စွက်ဆွေးနွေးသူအဖြစ် အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်မှုအဖွဲ့ဝင် မြန်မာစာဆရာမ ဒေါ်ဥမ္မာသန်း ဆောင်ရွက်ကာ အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်သည့် မောင်သူရမျိုးကျော်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသွဲ့ရည်ထွန်းက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသိမ်းသက်ဟေသော်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆောင်းဧကရီက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည် များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး စာရေးဆရာ ကိုရွှေအောင်သင်းက လူငယ်များစိတ်ဓာတ် ခွန်အားဖြစ်စေမည့် အသိပညာဗဟုသုတများ ဖြည့်စွက်ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက အကယ်ဒမီကိုယ်ပိုင် အထက်တန်းကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းတည်ထောင်အုပ်ချုပ်သူ ဆရာကြီး ဦးသက်ဦးက လက်ခံရယူခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်း၊ အကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီး ဦးသက်ဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)