ကျောက်ဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ဖြူ   စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စိန်ပန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန် ဖွံ့ဖြိုးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့်  ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကား ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-12 ကျောင်းသား မောင်ဖြိုးမင်းနိုင်နှင့် မောင်ထက်မြင့် စိုးတို့က “လူငယ်နှင့်စာရိတ္တ” ၊ “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူ မနှင်းရတီက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-11 ကျောင်းသူ မဌေးမွန်မြင့်က “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက  လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး  မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ပါရှိသော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံများနှင့် စာအုပ်စာစောင်များတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း