မြစ်ကြီးနား စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့မှ တနိုင်းခရိုင်၊ တနိုင်းမြို့သို့ ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တနိုင်းမြို့ ဟူးကောင်းခန်းမ၌ ဒေသကွပ်ကဲမှုဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မြတ်မင်းမိုးနှင့် တပ်မတော် အရာရှိကြီးများ၊ ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှု ကူညီရေးပရဟိတအသင်း/အဖွဲ့များ၊ စိုက်ပျိုးရေးကိုယ်စားလှယ်တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ဟူးကောင်းလွင်ပြင်ဒေသသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး သဘာဝအရင်းအမြစ် ပေါကြွယ်ဝသဖြင့် တနိုင်းဒေသခံများအနေဖြင့် ဒေသ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်ကြရန်၊ မြေပြန့်လွင်ပြင်များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နည်းပညာအကူအညီဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသဝမ်းစာဖူလုံရေး ဖူလုံလာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များတိုးတက်မြင့်မားရေး MSME လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို စသည့် လုပ်ငန်းစဉ်များကို မိမိတို့ ပြည်သူ တစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိ/ မြို့ဖများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေး တောင်သူကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက စိုက်ပျိုးရေးအတွက် ရိတ်သိမ်းချွေလှေ့စက်နှင့် ကောက်ရိတ်စက်၊ နွေစပါးနှင့် သီးထပ်သီးနှံများအတွက် စိုက်ပျိုးရေးရရှိရေး၊ စပါးအခြောက်ခံစက် ပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူနိုင်ရေး တနိုင်းတွင် ချေးငွေဘဏ်တစ်ခုရရှိရေး၊ မွေးမြူရေးကို စီးပွားဖြစ်မွေးမြူနိုင်ရန်နှင့် မွေးမြူရေးဇုန်များ ပေါ်ပေါက်လာရေး မတည်ရင်းနှီးပေးနိုင် ရေး၊ ကြက်ခြေနီတပ်ဖွဲ့ပိုင် လူနာတင်ကား (၁)စီးရရှိရေး၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ လုပ်ကိုင်ခြင်းမရှိသော မြေများကို ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ပိုင်ခွင့်ပေးနိုင်ရေး၊ မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ကိုင်တောင်ချောင်း ကျောက်စီရေထိန်းနံရံ တည်ဆောက်ပေးရေး၊ မြို့အဆင့်နှင့်လျော်ညီသည့် မြို့တော်ခန်းမတည်ဆောက်ပေးနိုင်ရေး၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေး၊ မြစ်ကြီးနား - တနိုင်း - ရှင်ဗွေယန်လမ်းပိုင်းအား အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးရေးစသည့် လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုး မှုကွာဟချက် ကျဉ်းမြောင်းရေး၊ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တနိုင်းဒေသသည် ဆန်ဖူလုံရေးအနေဖြင့် ၇၈ ရာခိုင်နှုန်းသာရှိသည့်အတွက် တနိုင်းဒေသဆန်ဖူလုံရေးနှင့် မွေးမြူရေးဇုန် အကောင်အထည်ဖော်နိုင်ရေး စီမံချက်ရေးဆွဲ၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တနိုင်းဒေသအတွင်း ပန်းခင်း(၂) စီမံချက်ဖြင့် အသက်(၁၆)နှစ်မှ (၁၈)နှစ်အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂)ကတ်ကို ပေးအပ်ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် တနိုင်းဒေသရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၂ သိန်း၊ လူမှုပရဟိတအသင်းအဖွဲ့များ အတွက် ထောက်ပံ့ငွေကျပ် ၁၈ သိန်းကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တနိုင်းဒေသသည် မြစ်ချောင်းအင်း အိုင်ပေါများပြီး စိုက်ပျိုးမွေးမြူရေးအတွက် မြေများစွာရှိနေသည့်အပြင် ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေး လိုအပ်ချက်များကို လိုလားစွာ တင်ပြတောင်းဆိုမှုများကို အလေးအနက်ထား ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ နည်းပညာနှင့် သွင်းအားစုများ၊ စက်ပစ္စည်းများ ပံ့ပိုးကူညီမှုဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံတိုးတက်လာမည်သဖြင့် လိုအပ်သည်များကို အလေးအနက်ထား ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တနိုင်းမြို့ (၅)မိုင်ရှိ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၇၀၀) ပံ့ပိုးမှုဖြင့် ပိုင်ရှင်ဒေါ်နန်ဂျာ၏ ဝက်ခြံ၌ အသားတိုးဝက် ကောင်ရေ (၁၅၀)ကျော်ထိ စီးပွားဖြစ်တိုးတက်အောင်မြင်လာမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ဝက်ဝမ်းကျကာကွယ်ဆေးများနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည် နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ဝန်ထမ်းများနှင့် အဆောင်နေကျောင်း သား/ ကျောင်းသူများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင် ရာများ၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ဆန်၊ ကြက်၊ ဝက်၊ အမဲ၊ ငါး၊ စားသုံးဆီနှင့် အသီးအနှံများ ဖွင့်လှစ်ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးကာ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)