တာချီလိတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြတ်ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အကဲဖြတ်အမှတ်ပေးဒိုင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် အနုသုခုမများ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်မပျက် မတိမ်ကောအောင် ဆက်လက်ထိန်းသိမ်းရန် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိကြောင်းနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (တာချီလိတ်)မှ “မင်္ဂလာနံနက်ခင်း” တေးသီချင်းအား စန္ဒယားပညာ ရှင် ဦးဇော်ဇော်အောင်၏ လက်သံဖြင့် တွဲဖက်၍ အဖွင့်ဂုဏ်ပြုတင်ဆက်ကာ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌမှ အဆို၊ အကပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အခြေခံအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ် အထိ အကပြိုင်ပွဲ၊ အခြေခံအဆင့် အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အကပြိုင်ပွဲနှင့် ဝါသနာရှင် ဒုတိယတန်း ရုပ်သေးအကများ ပါဝင်ယဉ်ပြိုင်ကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မိ မြို့ဖနှင့် ဧည့်ပရိတ်သတ်များအား တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် မြို့မိ မြို့ဖများနှင့် အကဲဖြတ်အမှတ်ဒိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)