တောင်ကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က  အမှတ်(၁၅) အခြေခံပညာအလယ်တန်းကျောင်း၊ မြို့မကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးက တောင်ကြီး မြို့နယ်အတွင်း မဲရုံ ၂၄၅ ရုံ၏ တည်နေရာများ အခြေအနေကို လည်းကောင်း၊  ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၀င် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးထွန်းက ကိုရိုနာ ဗိုင်းရပ်စ်-၁၉ (COVID-19)ရောဂါ ကာကွယ်ရေး နှင့် ပတ်သက်၍ ညွှန်ကြားချက်များအားလည်းကောင်း ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများနှင့် ဌာနဆိုင်ရာများက ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မေးမြန်းချက် များ ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တောင်ကြီးမြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အများယုံကြည် လေးစားခြင်းခံရသူ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေး ကော်မတီ၀င်များနှင့် နိုင်ငံရေးပါတီ (၁၅)ပါတီရှိသည့် အနက် ၁၃ ပါတီမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြ ကြောင်းနှင့် အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)