မန္တလေးတိုင်းဒေသကြီးတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး  စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီးတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအားသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ တစ်နာရီ က မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊အသင်းဝင်၊အဖွဲ့ဝင်များ ၊အ‌ခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားကြပြီး အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်ကို တိုင်း‌ ဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာသင်းသင်းနွယ်က ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူ များက အသီးသီးဆွေးနွေးညှိနှိုင်းကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာကျောင်းများတွင် စက်တင်ဘာလ ၁၈ မှ စတင် ထိုးနှံ ပေးမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)