တောင်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့် သတင်းမီဒီယာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀း၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံမှ ကျောင်းသား၊ ကျောင်းသူများအား ဆိုရှယ်မီဒီယာမှ သတင်းများကို အလွယ်တကူမယုံကြည်ရန်၊ မမျှဝေရန်၊ သတင်းအရင်းအမြစ်တစ်ခုကို သေချာစိစစ်သုံးသပ်ရန် အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း မောင်ငြိမ်းသူနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)တို့မှလည်း စာပေရေးရာသိမှတ်ဖွယ်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာ ကြိုးစားသင်ယူပြီး အရာအားလုံးကို ဉာဏ်မျက်စိဖြင့် ကြည့်သင့်ကြောင်း၊ အမှားအမှန်ခွဲခြားတတ်ခြင်းသည် ဉာဏ်ပညာဖြစ်ကြောင်း၊ ကောလဟာလသတင်းများကို အလွယ်တကူ မယုံကြည်သင့်ကြောင်း ဆက်လက်ဆွေးနွေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌမှ သတင်းမီဒီယာဆိုင်ရာစာအုပ်များကို ပေးအပ်လှူဒါန်းရာ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဒေစီမှ လက်ခံရယူခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
အင်ကြင်း(ပြန်/ဆက်)