မော်လမြိုင် စက်တင်ဘာ ၁၆
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင် ပုရဝုဏ် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများအား စက်ပစ္စည်းကိရိယာများဖြင့် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တို့ကို လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ ကုတင်(၅၀၀)ဆံ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ သွေးလှူဒါန်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၅ ဦး တို့က ပြည်သူဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြရာ သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရပြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၁၄၂)ဦးဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရူအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)