မင်္ဂလာဒုံ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်များခင်းကျင်း ပြသပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ( ၁၅) ဦး လာရောက်ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်က လူငယ်များအနေဖြင့် မိမိတို့ရဲ့ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင် ကြိုးစားမယ်ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမည့်ဟု စသဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကလည်း တစ်ဦးချင်းစီ မိမိတို့ရဲ့ ရည်မှန်းချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများ၏ စည်းကမ်းချက်များကို ဦးစီးအရာရှိ ဒေါ်ဝုန်လွန်းညောင်က ရှင်းလင်းပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများကို တစ်ဦးချင်းစီယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃) ဦးအား မြို့နယ်ဦးစီးအရာရှိက လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့သည်။
ဆပ်လက်၍ ကလေးများစာဖတ်ရှုသည့် အလေ့အထရရှိစေရန် ရုပ်ပြစာအုပ်များ ခင်းကျင်းပြသထားခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာကြသည်။ ထို့အပြင်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို အအေးနှင့် မုန့်ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)