မူဆယ် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းမပြုလုပ်ဘဲ (Take Away) ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိနှင့် အမိန့်ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိတို့ကို အောက်တိုဘာလ၊ ဒုတိယပတ်မှစတင်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဦးစီးကော်မတီအဖွဲ့ဝင်တို့က လိုက်လံကွင်းဆင်း စစ်ဆေးလျက် ရှိသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ သတ်မှတ်စည်းကမ်းချက်များဖြစ်သည့် (Take Away) ပါဆယ်စနစ်နှင့် အမိန့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆိုင်များတွေ့ရှိသဖြင့် ဆိုင်ပိုင်ရှင်များကို ဝန်ခံကတိ ရေးထိုးစေခြင်းနှင့် ဆိုင်ဖွင့်လှစ်ခွင့်ပိတ်ပင်တားဆီးခြင်းတို့ကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သည်။ ဆက်လက်ပြီး အမိန့်ညွှန်ကြားချက်များကို ထပ်မံလိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ဆိုင်ဖွင့်လှစ်ခွင့်ကို ပထမအကြိမ်အဖြစ် (၇)ရက်၊ ဒုတိယအကြိမ်အဖြစ် (၁၅)ရက်နှင့် တတိယအကြိမ်အဖြစ် ရာသက်ပန်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့၊ ဈေးဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာလ၌ ရောဂါကူးစက်ပျံ့ပွားခြင်းများကို ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များကို အသိပညာပေး ဟောပြောပြီး စက်တင်ဘာလအတွင်း၌ သတ်မှတ်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ ခြင်း မရှိသော စားသောက်ဆိုင်(၂)ဆိုင်ကို (၇)ရက်(တစ်ပတ်) ဆိုင်ဖွင့်လှစ်ရောင်းချခွင့်မပြုဘဲ ပိတ်သိမ်း ထားရှိခဲ့ကြောင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
စန္ဒာ(ပြန်/ဆက်)