မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် စားအုန်းဆီများ လိုက်လံရောင်းချ

ပြင်ဦးလွင် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန် မှ ၁၂ နာရီ ၁၅ မိနစ်အထိ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၈)၊ ပဒေသာမြို့သစ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဒေသခံပြည်သူများထံသို့ (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာစီအား ငွေကျပ်(၅,၃၃၅/-)ဖြင့် စုစုပေါင်းစားအုန်းဆီ(၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီရောင်းချသည့်နေရာ၌ ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လွင်ထူး၊ ရပ်ကွက်ကြီး(၈)အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းလှိုင်နှင့် ရာအိမ်မှူးများက တိုကင်စနစ်ဖြင့် စနစ်တကျရောင်းချနိုင်ရေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)