သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သပိတ်ကျင်း စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယ​နေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်က သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးကို ထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ်ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေး ကောင်းမွန်သည့်ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှ အခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း၊ ရပ်ရွာအတွင်း အခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်၍ သိလိုသည်များ၊ ကာကွယ်ဆေးနှင့် ပတ်သက်သည့် လိုက်နာဖွယ်ရာများ၊ ကာကွယ်ဆေးထိုးအစီအစဥ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)