ကျောက်တန်းမြို့ နယ် အ.ထ.က မြိုင်သာယာ၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်တန်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျောက်တန်းမြို့ မြိုင်သာယာအခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ရွှေစင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဦးသန့်ဇင်ထွန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းမှာ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက ဆောင်ရွက်ပြီး လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် Grade-12 မှ မသိမ့်သိမ့်မိုး၊ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် Grade-10 မှ မသွန်းပြည့်အိမ်စည်၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Grade -10 မှ မဇူးဇူးမွန်၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် Grade-12 မှ မထူးထူးထက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Grade-11 မှ မသီသီဟန်တို့က အပြန်အလှန်ဆွေးနွေးကြသည်။

ထို့နောက်တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို ခေါင်းစဥ်အလိုက်ဆွေးနွေးသော ကျောင်းသားကျောင်းသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျောက်တန်း(ပြန်/ဆက်)