သိန္နီ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မိုင်းလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ခဲ့သည်။
လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဆရာကြီးဦးနှင်းဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် လူငယ်စကားဝိုင်းတွင် အပြန်အလှန် ပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိတို့၏ ဉာဏစွမ်းရည်၊ စကားပြောစွမ်းရည်များ တိုးတက်လာခြင်း၊ အသိပညာဗဟုသုတကြွယ်ဝပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး၊ လူချွန်လူကောင်းများ ဖြစ်လာစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပရာ ကျောင်းသား/သူများက လူငယ်နှင့်လူမှုဆက်ဆံရေး၊ လူငယ်နှင့်တက်လမ်း၊ လူငယ်နှင့် ဆေးလိပ်အန္တရာယ်စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဦး ဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများမှ သိရှိလိုသော အကြောင်းအရာများကိုပြန်လည် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ထက်နီလာအောင်က လူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အသိပညာ၊ အတတ်ပညာ၊ လိမ္မာယဥ်ကျေး၍ ဗလငါးတန်နှင့် ပြည့်စုံသောသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်စေခြင်းစသည့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်း အပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး လူငယ်ရေးရာနှင့် ပတ်သက်သည့် စာအုပ်များ ၊သုတစာအုပ်နှင့် ရသစာအုပ်များအား ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)