တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရှားတော)၌ လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ရှားတော)တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စွမ်းဆောင်ရည်များ အားပေးမြှင့်တင်ခြင်း၊ အတွေးအခေါ်အယူအဆများနှင့် အများသူရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ စံပယ်ဆောင်တွင် ကျင်းပသည်။

အဆိုပါစကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ရှားတော)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား​ပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အခြေခံပညာအထက်တန်းကျောင်း (ရှားတော)မှ မောင်သန့်စင်လျှံ (Grade-11)၊ မမေမြတ်နိုး (Grade- 11)၊ မောင်ရာဇာမြင့်မြတ်အောင် (Grade- 10)၊ မပန်းအိခိုင် (Grade- 10)၊ မစုလှိုင်နှင်း (Grade-9)တို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

ထို့နောက် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူကုန်ကူးမှုနှင့်လူမှောင်ခိုကူးမှု”၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းထွန်းက “လူငယ်နှင့်အားကစား”၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာမသင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) “လူငယ်အနာဂတ်”ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ပြီးနောက် အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ဦးစီးအရာရှိ ဦးကျော်လင်းထွန်း၊  ရဲအုပ်ဟန်ဇော်၊ စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်တို့က  ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများ၊ မေးခွန်းများမေးမြန်းသည့် ကျောင်းသား၊ ကျောင်းသူးများအား  ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များနှင့်သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်