ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်လေးကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပင်လောင်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်​လေးမှ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်လေးဘုန်းကြီးတွင်  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက(ခွဲ) တောင်လေးကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာ ဦးမောင်တီက  အမှာစကားပြောကြား​ပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စန်းစန်းအေးက လူငယ်နှင့်အားကစားဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ ဘိန်းစိုက်​ပျိုးမှု၊ မူးယစ်​ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ​ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက လူငယ်၊ လူရွယ်များ ဘဝတိုးတက်ရေး ဆောင်ရွက်နေမှု အကြောင်းများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က လူငယ်နှင့်ရည်မှန်းချက် အကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်နှင့် ဗလငါးတန်ပြည့်စုံမှု အကြောင်းများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာ အကြောင်းများကို လည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်