သထုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်နှင့် အကျိုးအပဲ့ရှေးဟောင်းအုတ်ခွက်ဘုရားများကို ယနေ့နံနက်က ထပ်မံတူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ကျောင်းဝင်အတွင်း ကျောင်းအဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က ရှေးဟောင်းအုတ်ခွက်ဘုရား ၁၉ ဆူအား စတင်တွေ့ရှိခဲ့ရပြီး ယနေ့နံနက်၌ အပြည့်အစုံ ၁၃၈ ဆူနှင့် အကျိုးအပဲ့ ၂၂၄ ဆူ၊ စုစုပေါင်း ၃၆၂ ဆူအား ထပ်မံတွေ့ရှိခြင်းဖြစ်သည်။
အဆိုပါ ရှေးဟောင်းအုတ်ခွက် ဘုရားများတွေ့ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုခဲ့ကြပြီး တွေ့ရှိသည့်အုတ်ခွက်ဘုရားများကို စနစ်တကျထိမ်းသိမ်းရေးအတွက် လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယခင်က တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရား ၁၉ ဆူအား မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံထားပြီးဖြစ်ကာ ယနေ့ထပ်မံတွေ့ရှိသည်တို့အား လက်ရှိအချိန်၌ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ခေတ္တထိန်းသိမ်းထားပြီး တာဝန်ရှိသူတို့ လိုအပ်သလိုဆောင်ရွက်နိုင်ရေး ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်