မိုးကုတ် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဦးက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားရာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ (HPV) ကာကွယ်ဆေးအကြောင်းသိကောင်းစရာ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့်ကုသခြင်း၊ (HPV) ကာကွယ်ဆေးထိုးနှံမည့်အစီအစဥ်များ၊ စသည်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးကာ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို သတ်မှတ်ရက်အတွင်း အောင်မြင်စွာထိုးနှံနိုင်ရေး ပူးပေါင်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ စက်တင်ဘာ (၁၈)ရက်မှစ၍ (၂)ပတ်အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံပြီး အောက်တိုဘာလတွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)