ပေါင်မြို့နယ်၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပေါင် စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို အ.မ.က(ဘူတာ)ကျောင်း၌  ယနေ့နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်မာလာအောင်က  ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကြရေး၊ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အရွယ်မရောက်သေးသည့်ကလေးငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ပေးရန်နှင့် ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား မေးခွန်းများမေးပြီးလက်ဆောင်ပစ္စည်းများပေးခြင်းအပြင် ကျောင်းသား၊ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့နှင့်ပတ်သတ်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကိုခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)