ဇေယျာသီရိ စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်နှင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်စာရေးဆရာ ရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်းနွယ်၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ်(YU)တို့က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ပါ လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့ အရာများ၊ ဆရာမတိုက်ကျွေးသော အားဆေးစကား၊ ပညာတတ်ဖို့စာဖတ်ရမည်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများနှင့် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)