တံတားဦး စက်တင်ဘာ ၁၅
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ကျန်းမာရေးဦးစီးဌာန သံဃာ့ဆေးရုံအတွင်း၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြင့်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဖြစ် အများဆုံး ရောဂါဖြစ်ပါကြောင်း၊ အမျိုးသမီးဦးရေ(၁)သိန်းလျှင် (၁)ဦးနှုန်းဖြစ်ပွားလျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသက်(၉)နှစ်ပြည့်ပြီး (၁၂)အောက်အတွင်းရှိသူ မိန်းကလေးငယ်များအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး၊ ကြိုတင်ကာကွယ်ခြင်းမရှိဘဲ ရောဂါဖြစ်ပွားပြီးမှ ဆေးကုသလျှင်ရောဂါဖြစ်ပွားမှု၏ အဆင့်အလိုက်ပေါ်တွင် ရောဂါပျောက်ကငါးမှု ရာခိုင်နှုန်းနည်းပါးနိုင်ပါကြောင်း၊ ကာကွယ်ဆေးမထိုးနှ့မီနှင့် ထိုးနှံပြီးအခြေအနေတွင် သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသူများက သားအိမ်ခေါင်းကင်ဆင်ဆာရောဂါနှင့် ကာကွယ်ဆေး ထိုးနှံခြင်းများအပေါ် သိရှိလိုသည်များကို ဆွေးနွေးမေးမြ့န်းကြရာ ဆေးရုံအုပ်ကြီးမှ အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးသည် ။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဖိတ်ကြားထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ဦးစီးဌာနမှ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)