သထုံမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သထုံ     စက်တင်ဘာ     ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)စနစ်တကျထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက စာသင်‌ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်၊ ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်၊ သင်တန်းများပေးခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ပြည်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးများဖြန်ဝေခြင်း၊ ထိုးနှံခြင်းစသည့် ဆေးထိုးနှံမည့်အစီအစဉ်များ၊ ဆေးထိုးစုရပ်နေရာများ စသည်တို့အားရှင်းလင်းရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံး ကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာကျောင်းပေါင်း(၁၆၇)ကျောင်းမှ ကျောင်းသူ(၆၄၇၂)ဦးအား စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းမနေသူများနှင့် ကျောင်း‌အခြေပြုထိုးနှံခြင်း၌ ကျန်ရှိသူများကို ပြည်သူလူထုအခြေပြုအဖြစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်