စဉ့်ကူးမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပ

စဉ့်ကူး စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကိုကျင်းပရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၂၇)ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးနှင့် ဉာဏ်စမ်းပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၃၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော ပညာရပ်မျိုးစုံပါဝင်သည့် သုတ၊ ရသ စာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)