ကျိုက်ထို စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ယခုလိုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံဖို့အခွင့်အရေးကြုံလာချိန်၌ ကလေးငယ်များအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းညီညီက သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်၊ ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ်သတ်မှတ်ချက်၊ ဆေးထိုးနှံမည့် အစီအစဉ်စသည့် အကြောင်းအရာများအား ပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆေးထိုးလုပ်ငန်းတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကျောင်းသူ (၄၂၈၀) ဦးနှင့် အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြုထိုးနှံခြင်းတို့အား ကျန်းမာရေးဌာန၊ ပညာရေးဌာန ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး စုရပ်နေရာများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)