မိုင်းယု စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံ၏အရင်းအမြစ်များ ပင်ဖြစ်ကြောင်း၊ မိမိတို့၏နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် လူငယ်များ၏ အခန်းကဏ္ဍ၊ လူငယ်များ၏စွမ်းအား၊ လူငယ်များ၏ စိတ်ဓာတ်နှင့် မှန်ကန်သည့်အတွေးအခေါ်များကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာပေများဖတ်ရှုရမည်ဖြစ်ကြောင်းနှင့် လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဇေယျာလင်းက “ကာယဗလ နှင့်ဉာဏဗလ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမီထွန်းက “စာရိတ္တဗလ”အကြောင်းကိုလည်းကောင်း၊ မောင်အာကာဖြိုးက “မိတ္တဗလနှင့်ဘောဂဗလ”အကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ၊ လူငယ်ဆိုင်ရာ စာအုပ်စာစောင်များကို တက်ရောက်လာကြသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အားချာ