ဗန်းမော် စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီရေးဆွဲပြိုင်ပွဲကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် "ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး" ခေါင်းစဉ်ဖြင့် ဗန်းမော် မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိဂကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့် (၁၃၂)ဦး၊ အလယ်တန်းအဆင့် (၁၃၅)ဦး၊ အထက်တန်းအဆင့် (၈၀)ဦး စုစုပေါင်း (၃၄၇)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့်ပြိုင်ပွဲကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌လည်းကောင်း၊ မူလတန်းနှင့် အလယ်တန်းအဆင့်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း နှစ်နေရာခွဲ၍ ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ/မများအား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါသည်။
ပြိုင်ပွဲကျင်းပရာသို့ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲဝင်များထဲမှ မူလတန်းအဆင့်မှ အကောင်းဆုံး (၅)ဦး၊ အလယ်တန်းအဆင့်မှ အကောင်းဆုံး (၅)ဦး၊ အထက်တန်းအဆင့်မှ အကောင်းဆုံး (၅)ဦးတို့ကို စိစစ်ရွေးချယ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်