ပူတာအို စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ရရှိစေရန်အတွက် လစဉ် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီက ပူတာအိုမြို့ ကောင်က ထောင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို အသိပညာပေးဟောပြောပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ငှားရမ်းဖတ်ရှုစေသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)