သာစည် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဇေယျာမျိုးက ကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြုပုံစံများဖြင့် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုကို ရပ်ရွာတိုင်းရောက်ရှိရန်နှင့် ရည်မှန်းထားသော ကာကွယ်ဆေးလွှမ်းခြုံမှုရရှိရန်၊ အောင်မြင်သော ကာကွယ်ဆေးထိုးနှံမှုဖြစ်စေရန်အတွက် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် လွှမ်းခြုံမှုအခြေအနေများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်ခြင်းနှင့်ကုသခြင်းစသည်ဖြင့် ပရိုဂျက်တာဖြင့် ပြသကာအကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ သာစည်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ ၄၀၂၉ ဦးရှိကြောင်း သိရပြီး စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အထက်တန်းနှင့်အလယ်တန်း ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်