ဆီဆိုင် စက်တင်ဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ဝမ့်ခွမ်ကျေးရွာ၊ ဝမ့်ပုံကျေးရွာ၊ ဆိုင်လဲကျေးရွာ၊ ကွန်ပိန်းကျေးရွာရှိ နမ့်တဘက်ချောင်းတစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘန်းယဉ်ကန်၌ ရေသိုလှောင်ထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာရှိ အထွက်တိုး ဒေသစပါးစိုက်ခင်းတွင် စပါးစိုက်ပျိုးထားရှိမှုနှင့် ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ နောင်လုံဆည်တို့၌ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါဆည်ဘောင်ပေါ်၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ သီးထပ်စိုက်ပျိုးနိုင်မှု အခြေအနေများနှင့် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)