မြစ်သား စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြို့နယ် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့်အဖွဲ့ဝင်များက စျေးဆိုင်များ၊ စတိုးဆိုင်များနှင့် ကုန်ပစ္စည်းအရောင်းဆိုင်အချို့တွင် တယ်လီဖုန်းဆင်းကဒ်အချို့နှင့် ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြား၍ ရောင်းချခြင်း၊အချို့ဆိုင်များတွင် မရောင်းပါဟုဆိုသည့် စာသားများ ကပ်ထားခြင်းများ ရှိ/မရှိ စိစစ်ဖော်ထုတ်နိုင်ရန် လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ အခွန် တံဆိပ်ခေါင်းများ ပါရှိခြင်းရှိ/မရှိဖြည့်စွက်အာဟာရဘူးများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြပြီး အရောင်းဆိုင်တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)