ကာလိ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အခြေခံပညာအလယ်တန်း တာကော်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဆောင်ရွက်ခဲ့ပြီး Grade-9 မှ မခင်ပြည်စုံက "လူငယ်နှင့်အောင်မြင်မှု " ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 မှ မဇင်ဖူးပွင့်လင်းက "လူငယ်နှင့်အဆိုးအကောင်း" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 မှ မောင်ဖြိုးဇော်ဇော်အောင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-6 မှ မောင်စိုင်းကြယ်စင်ဖြိုးက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံ၍ မိမိတို့သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာသက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)