ဆီဆိုင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့်ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲက နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမှာဖြစ်ပြီး တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကလည်း လုပ်ငန်းထူထောင်နိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ်တတ်မြောက်သည်အထိ သင်ယူကြစေလိုကြောင်းပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများအား သင်တန်းသုံး လက်သုံးကိရိယာများထောက်ပံ့ပေးပြီး သင်တန်းသားများနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၁၀)ဦးတို့အား ဆရာ(၂)ဦးဖြင့် စက်တင်ဘာ ၁၄ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ (၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)